တပ်ကုန်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စုများ၏ လက်ဝယ်သို့ ထောက်ပံ့ငွေများ လိုက်လံပေးအပ်

တပ်ကုန်း   စက်တင်ဘာ   ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သော ပဉ္စမအကြိမ် ထောက်ပံ့ငွေများကို ပြည်သူများ လက်ဝယ်အရောက်ပေးအပ်နိုင်ရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် တာဝန်ရှိသူများအား လွှဲပြောင်းပေးအပ်ခဲ့ပြီး ယမန်နေ့ ညနေ ၅ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ မြဝတီရပ်ကွက်၊ နယ်မြေ(၁၂)၊ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ၏ လက်ဝယ်သို့ ထောက်ပံ့ငွေများ လိုက်လံပေးအပ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ တပ်ကုန်းမြို့နယ်တွင် ပထမအကြိမ် အဖြစ် အခြေခံစားသောက်ကုန်ပစ္စည်း ငါးမျိုးကို အိမ်ထောင်စုပေါင်း(၂၉၉၁၈)၊ ဒုတိယအကြိမ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သော အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၁၅ဝဝဝနှုန်းဖြင့် အိမ်ထောင်စုပေါင်း(၁၆၄၅၅)၊တတိယအကြိမ်တွင် တစ်အိမ်ထောင်လျှင် ငွေကျပ် ၂ဝဝဝဝ နှုန်းဖြင့် အိမ်ထောင်စုပေါင်း(၄၆၃၇၃)၊ စတုတ္ထအကြိမ်တွင် တစ်အိမ်ထောင်လျှင် ငွေကျပ် ၂ဝဝဝဝ နှုန်းဖြင့် အိမ်ထောင်စု ပေါင်း(၄၆၃၇၃)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ပဉ္စမအကြိမ်တွင် တစ်အိမ်ထောင်လျှင် ငွေကျပ် ၂ဝဝဝဝ နှုန်းဖြင့် အိမ်ထောင်စုပေါင်း(၄၆၃၇၃)အတွက် ငွေကျပ်(၉၂၇၄၆ဝဝဝဝ)ကို ထပ်မံထောက်ပံ့ပေးအပ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်