စဉ့်ကူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

စဉ့်ကူး   ဇန်နဝါရီ    ၁၀

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာနတ်ရှင်(ရွှေဂူ) ရေးသားသည့် “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က စာဖတ်ပရိသတ်များ၊ စာပေဝါသနာရှင်များ၊ Book Club အဖွဲ့ဝင်များဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းပြုလုပ်၍ဆွေးနွေးခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေခြင်း၊ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ခြင်းဖလှယ်နိုင်ခြင်း၊ အတွေးအခေါ်နှင့် အသိအမြင်များတိုးပွားလာစေခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာ နတ်ရှင်(ရွှေဂူ) ရေးသားသည့် “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ် ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ Book Club အဖွဲ့ဝင်များနှင့် Youth Club အဖွဲ့ဝင်များက “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်မှ  စာဖတ်ခြင်းအတတ် ပညာ၊ မိတ်ဆွေကောင်းနှင့် ခရီးသွားပါ၊ လူငယ်နှင့်အချိန်၏တန်ဖိုး၊ လူငယ်နှင့်အပေါင်းအသင်း စသည့် ခေါင်းစဉ်များဖြင့် ဗဟုသုတရဖွယ် သိမှတ်ဖွယ်ရာများ၊ မိမိတို့၏ အမြင်များကို ချစ်ခင်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြ​သည်။

စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စိတ်လက်ပေါ့ပါး ပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)