မိုင်းယုမြို့၌ ကိုဗစ်-၁၉ ကာလအတွင်း နယ်လှည့်ဈေးသည်များကြောင့် ရောင်းသူနှင့်ဝယ်သူအကြား အဆင်ပြေလျက်ရှိ

မိုင်းယု  စက်တင်ဘာ ၂၄

ကိုဗစ်-၁၉ ကာလအတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် နယ်လှည့်ဈေးရောင်းချနေသော နယ်လှည့်ဈေးသည်များ ကုန်စိမ်းများ လိုက်လံရောင်းချနေ၍ ရောင်းသူနှင့် ဝယ်ယူစားသုံးသူ မိသားစုများအကြား အဆင် ပြေလျက်ရှိသည်။

နယ်လှည့်ဈေးသည်လုပ်တာ ကြာပြီ ယခုလို ကိုဗစ်-၁၉ ကာလမှာ စားသုံးသူတွေ အဆင်ပြေစေဖို့ အိမ်ထဲကနေ အိမ်ပြင်ထွက်ခဲ့ရင် တောင် မိမိတို့ရဲ့ အိမ်ရှေ့လောက်သာ ထွက်ရပြီး ကုန်စိမ်းများကို အလွယ်တကူ ဝယ်ယူနိုင်အောင်ရယ်၊ မနက်ဆို ကျွန်တော်တို့ သုံးနာရီ လေးနာရီလောက် စောစောထပြီး ဈေးထဲကိုသွားကာ ပြန်လည်ရောင်းချဖို့ လိုအပ်သည့် ကုန်စိမ်းများကို ဖောက်သည် ဈေးဖြင့် ဝယ်ယူပြီး ဟင်းသီးဟင်းရွက်၊ အသားငါးနှင့် အခြားမုန့်ပဲ သွားရေစာကအစအစုံ နယ်တကာရွာတကာ ပြန်လည် ရောင်းချ ပေးရကြောင်း၊ ကိုဗစ်ကာလမှာ အခုလို နယ်လှည့်ရောင်းရတာဆိုတော့ ကိုဗစ်ကာကွယ်ရေး လမ်းညွှန်ချက်အတိုင်း ရောက်လေ ရာမှာ နှာခေါင်းစည်း(Mask)တပ်ထားရကြောင်း၊ စ်နေ့ကိုတော့ ပျမ်းမျှလေးငါးရှစ်သောင်းကျော်ရောင်းရပါကြောင်း နယ်ဝေးမှ နယ်လှည့်ဈေးသည်တစ်ဦးက ပြောသည်။

မိုင်းယုမြို့ပေါ်လောက်ပဲ လိုချင်တာ နည်းနည်းပါးပါး ဝယ်လို့ရတယ် ကျွန်တော်က ရွာမှနေတော့ ဒီမိုဘိုင်း ဈေးသည်တွေကို မနက်မနက်ဆို မျှော်နေရတယ်၊ မနက်ဆို သူတို့ဈေးသည်ကို ဈေးဝယ်ဖို့ မမှီလိုက်ဘူးဆိုရင် တစ်ရက်တာအတွက် ချက်စားဖို့က ကြုံသလိုနဲ့ဖြစ်သလို ချက်စားရတော့ပဲ၊ မိုဘိုင်းဈေးသည်ဆီ ဝယ်စား ရတာလဲ ဈေးသက်သာတော့ အဆင်ပြေပါတယ်၊ လိုချင်တဲ့ ကုန်စိမ်းအစုံရတယ်ဟု ဝယ်ယူစားသုံးသူ တစ်ဉီး ကလည်းပြောသည်။

အဆိုပါ ကိုဗစ်-၁၉ကာလအတွင်း ဈေးရောင်းသူနှင့် ဝယ်သူအကြား လူစုလူဝေး မဖြစ်ပေါ်စေရန် အတွက် မိုင်းယုမြို့တွင်းရှိ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင် များနှင့် ပျံကျဈေးသည်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ကာ ခင်းကျင်းရောင်းချစေရေးနှင့် ဝယ်သူအနေဖြင့် လည်း နှာခေါင်းစည်း (Mask) တပ်ခြင်း၊ လူစုလူဝေးဖြင့် ဆိုင်ထိုင်စားသောက်ခြင်း၊ ဝယ်ယူခြင်းများမဖြစ်ပေါ်စေရန် မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့မှ နေ့စဉ် ပညာပေး ကြပ်မတ်စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)