ညောင်ဦး ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ရှိ ထန်းတောင်သူများ ထန်းလုပ်ငန်းခွင် အဆင်သင့်ဝင်နိုင်ရန် ထန်းရိုင်းပင်တန်းများနှင့်ထန်းလှီး၊ ထန်းတက်ချိန်တွင် ထန်းလျက်ကြိုချက်နိုင်ရန်စတင်ကာ ထန်းဖတ်များစုဆောင်းနေကြပြီဖြစ်ကြောင်း ထန်းတောင်သူများထံကသိရသည်။
ငါ့သရောက်မြို့တွင် ထန်းတောင်သူများသည် ထန်းပြင်ချိန်ဖြစ်သည့် ပြာသို၊တပိုတွဲလမရောက်ခင် ထန်းလုပ်ငန်းခွင်အသုံးအဆောင်များဖြစ်သော ယင်းထောင်(ထန်းတက်လှေကား)၊ ယင်းဆွဲ ထန်းပင်ထိပ်ပိုင်းထန်းလက်ဖြင့်ချိတ်ဆက်ကာ ထန်းသမားမှထန်းနို့ခိုင်လှီးဖြတ်ချိန်ခြေဖြင့် လက်လွတ်ချိတ်နိုင်သည့် ယင်းဆွဲ၊ ယင်းထောင်လှေကားဆံ၊ ယင်းထောင်တုတ်နှောင်ရန် ထန်းလျော်များ၊ ထန်းဆွဲ မြူအိုးစုဆောင်းခြင်း၊ ထန်းလျက်မီးဖိုပြုလုပ်ရန် မြေစေးခေါ်မြေနီတူးယူစုဆောင်းခြင်း၊ ထန်းဆွဲမြူ အိုးကြိုး ကြိုတင်ဝယ်ယူစုဆောင်းခြင်း၊ ထန်းလှီးဓား၊ ထန်းလှီးဓားထည့်အိမ်(ထန်းလှီးအိမ်)၊က လိုင်နှင့်ထန်းလုပ်ငန်းသုံးဆက်စပ်ပစ္စည်းများ၊ ထန်းလျက်ကြိုချက်ရန် လောင်စာများကြိုတင်စု ဆောင်းနေပြီဖြစ်ကြောင်း ငါ့သရောက်မြို့ တမာခါးကျေးရွာ ထန်းတောင်သူ ဦးတင်လှိုင်မှပြောကြားသည်။ ထန်းနို့ထွက်ချိန်ဖြစ်သည့် ပြာသိုလ၊ တပိုတွဲလမရောက်ခင် ထန်းရိုင်းပင်(ထန်းပင်အသက် ၁၅နှစ်မှ ၂၀နှစ်အတွင်းအပင်များအား ထန်းရိုင်ပင်ဟုခေါ်သည်)များ ထန်းနို့ထွက်ချိန် ထန်းလှီးဖို့ရှင်းလင်းနေစေရန် ထန်းဖတ်၊ထန်းလက်၊ ထန်းဆစ်ကြော၊ထန်းရွက်များအားရှင်းလင်းနေကြောင်းထန်း ရိုင်းပင်များမှာ ငယ်စဉ်ထဲကထန်းရွက်၊ ထန်းလျက်များခုတ်ခဲ့သောကြောင့် အပင်မြင့်သည်အထိ ထန်းရွက်၊ ထန်းဖတ်များပင်စည်တလျောက်ပတ်လည်ကိုထန်းရွက် ဆယ်ရွက်ခန့်ကျန်သည်အထိ ရှင်းလင်းပစ်မှသာ ထန်းလှီးရန် ထန်းပင်ပြင်ချိန်အဆင်ပြေကြကြောင်း ထန်းပေါက်ကုန်းကျေးရွာ ထန်းတောင်သူ ဦးမောင်ကြိုင်ထံကသိရသည်။
ထန်းတက်လုပ်ငန်းသည် အခြားစိုက်ပျိုးရေးလုပ်ငန်းထက် ထန်းတက်လုပ်ငန်းမှ ထန်းလျက် မရမှာ မစိုးရိမ်ရသော်လည်း ပေါ်ဦးပေါ်ဖျားထန်းလျက်နှင့်နှောင်းပိုင်းထိန်းလျက်ဈေးသာ ဈေးနှုန်းရရှိပြီး ထန်းလျက်လှိုင်လှိုင်ပေါ်သည့် တပိုတွဲ၊တပေါင်းလများတွင်ထန်းလျက်ဈေးအလွန်နိမ့်ကျကြောင်း ပေါ်ဦးပေါ်ဖြားနှင့်နှောင်းပိုင်းထန်းလျက် တစ်ပိဿာ နှစ်ထောင်ငါးရာကျပ်ရောင်းချရပြီး ထန်းလယ် ခေါ်သည့် ထန်းလျက်အလျှံအပယ်ပေါ်ချိန်တွင် တစ်ထောင့ငါးရာကျပ်အောက်သာဈေးနှုန်းရရှိပြီး ထန်းတောင်သူမိသားစုများ အိမ်ရှိလူကုန်ပင်ပန်းသလောက် အကျိုးမခံစားရသည့်ထန်းလုပ်ငန်းဖြစ်ကြောင်း ငါ့သရောက်မြို့ ထန်းတောင်သူများကပြောကြားကာ ထန်းရွက်တစ်ရွက်ထွက်ဖို့ တစ်လကြာမြင့်ကြောင်းတနှစ်မှထန်းရွက်ဆယ့်နှစ်ရွက်သာထွက်ရှိကြောင်းအမြင့်(ကြက်မတဝပ်စာ)သာအမြင့်ထွက်ရှိကြောင်းလည်းသိရသည်။
ကိုကြေးမုံ