တံတားဦး၊ စက်တင်ဘာ ၂၄
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ငါးဇင်ရိုင်းကျေးရွာရှိ “ကျော်အောင်စံထား”စာကြည့်တိုက်ကို မြစိမ်း ရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် အဆင့်မြှင်တင်ဆောက်လုပ်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ဆောက် လုပ်ပြီးစီးကြောင်း သိရသည်။
အဆိုပါ စာကြည့်တိုက်ကို ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး စာကြည့်တိုက်အဆောက်အဦသည် နှစ်ကာလကြာမြင့်ခြင်းကြောင့် ပျက်စီးမှုများရှိရာ ယခုအခါ စာကြည့်တိုက်အဆင့်မြှင့်တင် ဆောက် လုပ်နိုင်ရန်အတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် မတည်ဆောက်လုပ်လျက်ရှိပါကြောင်း၊ စာကြည့်တိုက်ကို ကျေးရွာသူ၊ ကျေးရွာသားများ အမြဲတမ်းစာပေဖတ်ရှုနိုင်ရေး၊ အဆိုးအကောင်း၊ ဝေဖန်ပိုင်ခြားနိုင်ရေးအတွက် ဆောက်လုပ်ပေးခြင်းဖြစ် ကြောင်း စာကြည့်တိုက်ဆောက်လုပ်ရေးကြီးကြပ်မှုကော်မတီ နာယက ငါးဇင်ရိုင်းကျေးရွာ ရွာဦးကျောင်း ဆရာတော် ဘဒ္ဒန္ဒကုသလက မိန့်ကြားခဲ့ကြောင်းနှင့် အဆိုပါစာကြည့်တိုက်ကို မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ငွေကျပ်သိန်း (၃၀၀) ဖြင့် စတင်ဆောင်ရွက်ခဲ့ရာ ရရှိသည့်အကျိုးအမြတ်များဖြင့် စာကြည့်တိုက်အဆင့်မြှင့်တင်ဆောက်လုပ်ခြင်းဖြစ်ကြောင်း စာကြည့်တိုက်ဆောက်လုပ်ရေး အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
“ကျော်အောင်စံထား” စာကြည့်တိုက် အဆင့်မြှင်တင်ဆောက်လုပ်ရာတွင် အလျား (၃၀) ပေ၊ အနံ (၂၇) ပေ၊ အမြင့် (၁၄) ပေရှိပြီး သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်းအဆောက်အဦဖြစ်ကာ ဆောက်လုပ်ပြီးစီးမှုမှာ ရာနှုန်းပြည့်ပြီးစီးနေပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ်သိန်း (၅၀)၊ ငါးဇင်ရိုင်းကျေးရွာသူ၊ ကျေးရွာသားများမှ ထည့်ဝင်ငွေကျပ် သိန်း (၉၀)၊ စုစုပေါင်း ငွေကျပ်သိန်း (၁၄၀) ဖြင့် ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)