တောင်ကြီးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထူးပြု ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

တောင်ကြီး ဇန်ဝါရီ ၁၀

၂၀၂၂-၂၀၂၃ ပညာသင်နစ် တောင်ကြီးတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးတက္ကသိုလ် ဘောလုံးကွင်း၌ ကျင်းပသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် အထူးပြုဘာသာရပ်ပေါင်းစုံပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ဖွင့်ပွဲတွင် တောင်ကြီးတက္ကသိုလ် Fitness Dance အကအဖွဲ့မှ ဖျော်ဖြေတင်ဆက်ကြပြီး ပြိုင်ပွဲဝင် အားကစားသမားများမှ ကွင်းအတွင်းနေရာယူ၍ မအေးစန္ဒာချိုက "ဂိုးသွင်းကောင်းတဲ့တို့ကိုကို"သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အားကစားသမားများမှ ပြည်နယ်ဝန်ကြီးချုပ်အား အလေးပြုကြသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ယခုလို အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူအချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှုရရှိကာ ကျန်းမာကြံ့ခိုင်သော လူငယ်များ ပေါ်ထွက်လာစေရေး၊ ကျောင်းသား၊ ကျောင်းသူတို့၏ ကာယ၊ ဉာဏစာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်အတွက် ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို အမျိုးသား(၁၃)သင်းနှင့် အမျိုးသမီး(၈)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကို ဇန်နဝါရီလ(၉)ရက်မှ(၂၂)ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

၎င်းနောက် ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အားကစားပြိုင်ပွဲအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တောင်ကြီးတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် ဂိုးပိုက်နှင့် ဘောလုံးများကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်တို့က ပေးအပ်ရာ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသီသင်မှ လက်ခံရယူပြီး ပထမပွဲစဉ်အဖြစ် မြန်မာစာဘာသာရပ်အသင်းနှင့် ရူပဗေဒ ဘာသာရပ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး )