ရမည်းသင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် အိမ်ထောင်စု လူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူ

ရမည်းသင်း   ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းကို  ယမန်နေ့ နံနက်က စတင်ကောက်ယူခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်အတွင်း၌ အိမ်ထောင်စုလူဦးရေ စာရင်းတိကျမှန်ကန်စေရေးအတွက် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group)မှ တစ်ဖွဲ့လျှင် အဖွဲ့ဝင် (၅)ဦးပါဝင်သည့် အဖွဲ့ပေါင်း ၁၄၇ ဖွဲ့ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းကောက်ယူမှုကို ယမန်နေ့မှ စတင်၍ ကောက်ယူလျက်ရှိကြောင်း သိရသည်။ ယင်းသို့ အိမ်ထောင်စု လူဦးရေစာရင်း ကောက်ယူရာတွင် မြို့နယ်အတွင်း၌ ရပ်ကွက် ကြီး၅ ခု ၊ ကျေးရွာအုပ်စု ၆၃ စုရှိပြီးရပ်ကွက်၊ ကျေးရွာပေါင်း၂၄၇  လူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) တစ်ဖွဲ့ကောက်ကွက်တစ်ကွက်လျှင် တစ်ရက် အိမ်ထောင်စု ၂၅ စုနှုန်းဖြင့် ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းကို ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးစိုးမြင့်နှင့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများက အုပ်စုခွဲ၍ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင်( ပြန်/ဆက်)