သီပေါ စက်တင်ဘာ ၂၄
သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်းများ)အား ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များ ကြိုးပမ်းဆောင်ရွက်နေမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် နိုင်ငံတော်မှ ထောက်ပံ့ငွေ ပေးအပ်ခြင်း ကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်ခန့်က ပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက ၂၀၂၀ ပြည့်နှစ်၊ နိုင်ဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့တာဝန်ကျရာ ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များကို ရုံးဖွင့်ရက်တွင် သာမက (စနေ၊ တနင်္ဂနွေ) ရုံးပိတ်ရက်များတွင်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းတာဝန်များကို ကြိုစားဆောင်ရွက်မှုအပေါ် အသိအမှတ် ပြုသောအားဖြင့် နိုင်ငံတော်မှ ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း အစိုးရရုံးပိတ်ရက် (၁၉)ရက်စာအတွက် ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး (စာရေးဝန်ထမ်း) (၇၈)ဦး အား နိုင်ငံတော်မှ တစ်ရက်လျှင် နေ့တွက်စရိတ်(၄၈၀၀)ကျပ်နှုန်းဖြင့် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၉၁၂၀၀/-) စီအား ထောက်ပံ့ပေးအပ်ခဲ့ရာ စာရေးဝန်ထမ်းများက အသီးသီး လက်ခံရယူခဲ့ကြပြီး စုစုပေါင်း ထောက်ပံ့ငွေ ကျပ်(၇၁၁၃၆၀၀/-)ကို ဂုဏ်ပြုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)