မြောက်ကျွန်းကျေးရွာ၌ အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်အိတ်၊ ဆီငါးပိဿာနှင့် ကြက်ဥ အလုံး ၃၀ စီ ထောက်ပံ့လှူဒါန်း

မြင်းခြံ  စက်တင်ဘာ ၂၃

မြင်းခြံမြို့နယ် မြောက်ကျွန်းကျေးရွာရှိ ပြည်သူများ ကိုဗစ်-၁၉ ကာလတွင် စားနပ် ရိက္ခာအခက်အခဲ မဖြစ်ပေါ်စေရေးအတွက် မန္တလေးမြို့နေ ဦးမန်းစိန်+ဒေါ်မာလာ (သား) ဝေလင်းထိုက် (လင်းထိုက် မြန်မာကုမ္ပဏီ) မိသားစုက ယမန်နေ့ ညနေ ၃ နာရီက ထောက်ပံ့လှူ ဒါန်းပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ လှူဒါန်းရခြင်းနှင့် ပတ်သက်၍လည်း အလှူရှင် ဦးမန်းစိန်က မိမိမွေးရပ်မြေ မြောက်ကျွန်း ကျေးရွာရှိ အိမ်ထောင်စု ၃၆၀ စု စားဝတ်နေရေးအဆင်ပြေစေရန်အတွက် အိမ်ထောင်စု (၁) စုလျှင် ဆန်းတစ်တင်းခွဲအိတ် တစ်အိတ်၊ ဆီးပါးပိဿာ တစ်ပုံးနှင့် ကြက်ဥ အလုံး ၃၀ စီအား ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း ပြောသည်။

ဆန်၊ဆီနှင့် ကြက်ဥများထောက်ပံ့ ပေးအပ်ရာတွင် လူစုလူဝေးမဖြစ်စေရန်၊ တစ်ဦးနှင့် တစ်ဦး ပူးကပ်ခြင်းမရှိစေရန် စနစ်တကျ နေရာ သတ်မှတ်ပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေ ခြင်း၊ ဆပ်ပြာဖြင့် လက်ဆေးစေခြင်းများပြုလုပ်စေခဲ့ပြီး မြောက်ကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်ဦးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့် အဖွဲ့ဝင်တို့မှ ဦးဆောင်ကာ ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။

အလှူရှင်အနေနဲ့ မြောက်ကျွန်းကျေးရွာသို့ ကိုယ်တိုင်မလာဘဲ ယခုလို ပေးပို့လှူဒါန်း သည့်အတွက် အလွန်ကျေးဇူးတင်ရှိ ပါကြောင်း မြောက်ကျွန်းကျေးရွာမှ ဦကြယ်နီက ပြောသည်။

ကျော်စွာ(မြင်းခြံ)