ရွှေကူ ဇန်နဝါရီ ၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခန့်က ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားကို စုံညီပွဲတော်တို့နွဲပျော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးစုံညီပွဲကို ကျင်းပပြုလုပ် ပေးနိုင်ကြ၍ များစွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ကျောင်းသား၊ ဆရာ၊ မိဘပေါင်းစပ်ကြိုးစား ဆောင်ရွက်ခြင်းဖြင့် အနာဂါတ်မျိုးဆက်သစ်များစွာ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ယခုလိုအစဉ် အလာမပျက် ဝိုင်းဝန်းပူးပေါင်း ကြိုးစားဆောင်ရွက်သွားကြသော ဆရာ မိဘ ကျောင်းသားများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးကိုယ်စား အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းက မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာ ထူးချွန်ရေးတို့အတွက် မိမိတို့ပညာရေးဌာန၊ ဆရာ/ဆရာမများ၊ ကျောင်းသား မိဘများမှ ပူးပေါင်း ဆောင်ရွက်ရေး၊ ယခုကဲ့သို့ ထူးချွန်ကျောင်းသားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းပညာရေးသာမက အခြားဘက်စုံထူးချွန်ရေးတို့အတွက် မိဘ/ဆရာ/ကျောင်းသားတို့မှ ဆက်လက်ကြိုးစား ဆောင်ရွက် သွားရမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေး စုံညီပွဲတော်တွင် သင်ထောက်ကူပြိုင်ပွဲ၊ သံလုံးပစ်နှင့် အပြေးပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းများ၊ ဆရာဆရာမများ၊ ဘက်စုံထူးချွန် ဆုရ ကျောင်းသား၊ ကျောင်းသူများအားအသီးသီး ဆုများချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူ များက တေးသရုပ်ဖော် အကများဖြင့် ကပြ၊ သီဆို ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်