တောင်သာ၊ စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်နှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအတွက် မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ရန် အထူးရဲ (၃၂၂) ဦး ခန့်အပ်တာဝန်ချထားပေးသွားမည်ဖြစ်ကြောင်း တောင်သာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
တောင်သာမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လျာထားမဲရုံအရေအတွက်အနေဖြင့် မဲဆန္ဒနယ်မြေ (၁) မဲရုံ (၁၇၆) ရုံ၊ မဲဆန္ဒနယ်မြေ (၂) တွင် မဲရုံ (၁၄၆) ရုံ၊ စုစုပေါင်းမဲရုံ (၃၂၂) ရုံ စီစဉ်ဆောင်ရွက်ထားရှိကြောင်းသိရပြီး ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများလုံခြုံစိတ်ချစွာဖြင့် လာရောက်မဲပေးနိုင်ရေးအတွက် အထူးရဲအင်အား (၃၂၂) ဦး ခန့်အပ်တာဝန်ချထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် နယ်မြေရဲတပ်ဖွဲ့အနေဖြင့် မဲဆန္ဒရှင်များအား မဲမပေးနိုင်အောင် နှောင့်ယှက်ဟန့်တားမှုများ မဖြစ်ပေါ်စေရေး မဲရုံပရိဝုဏ်နှင့်ကိုက် (၅၀၀) အတွင်း အသံချဲ့စက်များ ဆူညံစွာဖွင့်လှစ်မှုမရှိစေရေးအတွက် လှည့်ကင်း၊ ရပ်ကင်းများဖြင့် လုံခြုံရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးသူရိန်ထံမှ သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)