ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၌ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈)၊ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၉)နာရီ အချိန်က ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ လယ်ဝေးခရိုင်ပညာရေးမှူး  ဦးကျော်စိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးမင်းဦးက ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ပညာရေးမှူး  ဦးကျော်စိုးဝင်း၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်စာပေထူးချွန်ဆုများရရှိသည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ ၂၀၂၂ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင် နေပြည်တော်အဆင့် အောင်ချက်အကောင်းဆုံးဆုရရှိခဲ့သည့် အ.ထ.က ရွှေခဲအင်းကျောင်းအားလည်းကောင်း၊ အားကစားထူးချွန်ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား အားကစားပွဲတော် (တိုင်းအဆင့်) တာဝန်ထမ်းဆောင်ခဲ့ကြသည့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေး အစီအစဉ်များဖြင့်  ဆက်လက်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)