မြစ်သားတွင် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း(VRFP)ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ အား တာဝန်ရှိသူများမှကွင်းဆင်းစစ်ဆေး

မြစ်သား စက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉− ၂၀၂၀ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ဂဠုန်ကန်ကျေးရွာသို့ ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

စီမံကိန်းအား နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ်−၁၉ ကာလအတွင်းစီးပွားရေးကုစားမှု အစီအစဉ် (CERP)အရ ကျေးလက် ဒေသနေပြည်သူများ၏ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ် နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

မြစ်သားမြို့နယ် ဂဠုန်ကန်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းဖြင့်(၂၂)ဦးအား ငွေကျပ်(၁၀၄)သိန်း (၅)သောင်းကိုလည်းကောင်း၊ မွေးမြူရေးလုပ်ငန်းဖြင့်(၂၀)ဦးအား ငွေကျပ်(၈၁)သိန်းကို လည်းကောင်း၊ အရောင်းအဝယ်လုပ်ငန်းဖြင့်(၂)ဦးအား ငွေကျပ်(၁၁) သိန်း ကိုလည်းကောင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြင့်(၁)ဦးအတွက်(၃)သိန်း(၅)သောင်းကိုလည်းကောင်း၊ စုစုပေါင်း (၄၅)ဦး အတွက် ငွေကျပ်သိန်း (၂၀၀)အား ထုတ်ချေးပေးထားခြင်းဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများအား မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကိုကိုအောင်၊ ဦးစီးအရာရှိ ဒေါ်အိအိသော် နှင့် ဝန်ထမ်းများက ကွင်းဆင်း၍ ကြည့်ရှု စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

ဆုမွန်(မြစ်သားပြန်/ဆက်)