မချမ်းဘော့၌ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းများ စတင်ဆောင်ရွက်

မချမ်းဘော့ ဇန်နဝါရီ ၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် လူဦးရေစာရင်း တိကျမှန်ကန်ရန်အတွက် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက် ၉နာရီခွဲမှစ၍ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေး အဖွဲ့များတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ စာရေးများ၊ ဆယ်အိမ်မှူးများ၊ စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီအသင်းခွဲ တာဝန်ခံများပါဝင်ပြီး အဆိုပါ စာရင်းကောက်ယူရေးအဖွဲ့များသည် မချမ်းဘော့မြို့ပေါ် (၄)ရပ်ကွက်နှင့် အင်ဘူးဘော့ကျေးရွာအုပ်စု၊ နမ်ခမ်ကျေးရွာအုပ်စု၊ ထရန်ဒမ်းကျေးရွာအုပ်စု၊ ကောင်းမှုလုန်ကျေးရွာအုပ်စု၊ မန်နိုကျေးရွာအုပ်စု၊ အလန်ဂါးကျေးရွာအုပ်စု၊ ထန်ဂါးကျေးရွာအုပ်စု၊ အင်္ဂါဒိန်ချက်ကျေးရွာအုပ်စု၊ မကျန်ဂါးကျေးရွာအုပ်စု၊ ရှင်မွေယာန်ကျေးရွာအုပ်စု စသည့်ကျေးရွာအုပ်စု (၁၅)အုပ်စုတွင် ဇန်နဝါရီလ ၉ရက်နေ့မှ ၃၁ရက်နေ့အထိ ရက်ပေါင်း ၂၃ ရက်အတွင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းများကို အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော့)