လောက်ကိုင် ဇန်နဝါရီ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများတွင် နေထိုင်လျက်ရှိသော ဒေသခံပြည်သူများ၏ အိမ်ထောင်စုစာရင်းများတွင်ပါရှိသော လူဦးရေနှင့်မြေပြင်ရှိ အမှန်တကယ် နေထိုင်သည့် လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က သတ်မှတ်ထားသည့် ရပ်ကွက်များတွင် စတင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေး ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဝန်ထမ်းများ၊ ရပ်ကွက် စာရေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ ပါဝင် သည့် စာရင်းကောက်ယူရေးအဖွဲ့များသည် သတ်မှတ်ပုံစံများဖြင့် ဒေသခံပြည်သူများ၏ နေအိမ်သို့ အရောက် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးကောက်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာသို့ မြို့နယ် (Working Group) မြေပြင်ကွင်း ဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ရပ်ကွက်များအလိုက် လိုက်လံ ကြီးကြပ်ကာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိသည်။
လောက်ကိုင်မြို့နယ်အတွင်း စာရင်းကောက်ယူရေးအဖွဲ့ (၄၆)ဖွဲ့ဖြင့် အိမ်ထောင်စု (၁၆၂၈၄) စုအား စာရင်းကောက်ယူလျက်ရှိကြောင်းနှင့် စာရင်းကောက်အဖွဲ့သည် ၉-၁-၂၀၂၃ ရက်နေ့မှ ၃၁-၁-၂၀၂၃ ရက်နေ့အထိ မြေပြင်လူဦးရေစာရင်းများကို ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
လောက်ကိုင်(ပြန်/ဆက်)