ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (Cash For Work) စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ကွမ်းခြံကုန်း စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ကျေးလက်‌ ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ကာလအတွင်း ကျေးလက်နေ ပြည်သူများစီးပွားရေး အခက်အခဲများ လျော့ပါးသက်သာလာစေရန်နှင့် ဒေသခံပြည်သူများ လုပ်ခဝင်ငွေရရှိစေရန် ရည်ရွယ်၍  (Cash For Work) စီမံကိန်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျေးရွာ(၈)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့် ‌ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ (Cash For Work) စီမံကိန်းဆောင်ရွက်ရန် ထင်းပုံဆိပ် ကျေးရွာ၊ အထက်ဆိပ်ကျေးရွာ၊ သိုက်ကုန်းကျေးရွာ၊ ညောင်နီကုန်းကျေးရွာ၊ ဘိုးသီကုန်းကျေးရွာ၊ မယ်ရပ်ကုန်းကျေးရွာ၊ ဘောစကိုင်းကျေးရွာ၊ တောကဆော့ကျေးရွာများတွင် မြေသားလမ်း ပြုပြင်ခြင်း၊ ရေမြောင်းတူးဖော်ခြင်း၊ ဘက်စုံသုံးခန်းမ ခြံစည်းရိုးကာရံခြင်း၊ ရေကန်ခြံစည်းရိုး ပြုပြင်ခြင်း၊ ရေကန်ဘောင်ပြုပြင်ခြင်း၊ ရေကန်အုတ်လှေကားထစ်ပြုလုပ်ခြင်း၊ ရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်း၊ အုတ်ဘောင်ခတ်ခြင်းလုပ်ငန်းများကို‌ ကျေးရွာတစ်ရွာလျှင် စီမံကိန်း ထောက်ပံ့ငွေသိန်း(၁၀၀)ထောက်ပံ့ပေးပြီး ကျေးရွာကုန်ထုတ်လုပ်မှုနှင့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာလူထု ကိုယ်တိုင်လုပ်ကိုင်၍ လုပ်ခဝင်ငွေ ရရှိစေပြီး စီးပွားရေးအခက်အခဲများ လျော့ပါးသက်သာလာစေရန်၊ ကျေးရွာ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)