ဟိုပန်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ

ဟိုပန် ဇန်နဝါရီ ၉

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီက အထက(ဟိုပန်)ကျောင်းရှိ စောမဟာခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အထက(ဟိုပန်)ကျောင်းမှ အထက်တန်းဆင့် ကျောင်းသား/သူလေးများက ကြိုဆိုပါတယ် စုံညီပွဲတော်သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့ပြီး ဟိုပန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးရဲဝင်းထိုက် က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍  မြို့နယ်အဆင့်ဘက်စုံ  လူရည်ချွန်ဆုရရှိသည့် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် ထူးချွန်ကျောင်းသား/သူများနှင့် Grade-5 မှ Grade-9 အထိ အတန်းလိုက် အခြေခံပညာ အင်္ဂလိပ်စာစွမ်းရည်ဆု၊ သင်္ချာစွမ်းရည်ဆု ရရှိသည့် ထက်၊ လယ်၊ မူ ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ဟိုပန်မြို့နယ်အတွင်းရှိ အထက(ဟိုပန်)ကျောင်းမှ ဆရာမများက "မင်္ဂလာပါ"တေးသီချင်းဖြင့် လည်းကောင်း၊ အထက(ခွဲ)(ရွှေဝါ၊ ပန်ကောက်)၊ အလက(ကောင်းကော်)၊ အမက(လွန်)(ရုံးကုန်း)နှင့် အမက(ပန်မွန်းရေအား) စသည့် စာသင်ကျောင်းများမှ ကျောင်းသား/သူများက ပန်းတိုင်ကိုယ်စီသီချင်းနှင့် "ဝ"၊ လီဆူ၊ ကချင်၊ မြောင်ဇီး စသည့်  ရိုးရာတိုင်းရင်းသားအကအလှများဖြင့်လည်းကောင်း ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

အဆိုပါ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်သို့  ဟိုပန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ဆုရကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ စုစုပေါင်း (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)