ထန်းတပင်(ရန်ကုန်)၊ စက်တင်ဘာ ၂၄
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ယုဇလမ်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ အတွက် အိမ်ထောင်စုတစ်စုလျှင် အခြေခံစားသောက်ကုန်လေးမျိုး ပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်းက အဆိုပါလမ်းတွင် စေတနာအလှူရှင် တစ်ဦးမှ လှူဒါန်းပေး လျက်ရှိကြောင်း သိရသည်။
ယုဇနလမ်းတဲ့မှာရှိတဲ့ ဝင်ငွေနည်း လက်လုပ်လက်စား အိမ်ထောင်စုတွေကို မျှတပြီးတော့ လှူဒါန်း ပေးတာပါ၊ အခုလှူဒါန်း တဲ့ အိမ်ထောင်စုက အားလုံး(၁၃)စုရှိပါတယ် တတ်နိုင်တဲ့ဘက်ကနေပြီး တော့ ဝိုင်းဝန်းကူညီပံ့ပိုးပေးတဲ့ သဘောနဲ့ နောက်ပြီး သက်ဆိုင်ရာ လမ်းတွေအလိုက် ဝင်ငွေနည်း တဲ့မိသားစုတွေကို အလှူရှင်တွေကနေ အားလုံးဝိုင်းဝန်း ကူညီကြ မယ်ဆိုရင်တော့ ဒီလို ကိုဗစ်-၁၉ ရောဂါ ကာလမှာ အဆင်ပြေတာပေါ့ဟု အလှူရှင် ဦးအေးဝင်းက ရှင်းပြသည်။
ဝင်ငွေနည်း လက်လုပ်လက်စား အိမ်ထောင်စုများ ပေးအပ်လှူဒါန်းရာတွင် အလှူရှင် ဦးအေးဝင်းနှင့် ဇနီး ဒေါ်တင်တင်ရှု မိသားစုတို့မှ အမှတ်(၂)ရပ်ကွက် ယုဇနလမ်းရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံ လူတန်းစားအိမ်ထောင်စု(၁၃)စုတို့အား တစ်အိမ် ထောင်စုလျှင် ဆန်(၂)ပြည်၊ ဆီတစ်ပိဿာ၊ ကြက်ဥ (၅)လုံးနှင့် အချိုမှုန့်တစ်ထုပ်တို့ကို ပေးအပ်လှူဒါန်း ပေးခဲ့ကြ ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)