ဘီးလင်း ဇန်နဝါရီ ၈
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဇုတ်သုတ်စံပြကျေးရွာရှိ ကျိုက်ထီးဆောင်းဆံတော်ရှင် ဂဝံယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါပြတိုက်ရှေ့၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဆရာတော်၊သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် နိုင်ငံတော် သံဃာ့မဟာနာယက မရမ်းချိုဆရာတော် ထံမှ (၉)ပါးသီလခံယူကြပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တကုမာရ အရှင်သူမြတ်က သုဝဏ္ဏဘူမိသမိုင်းကြောင်း အကျဉ်းချုပ်အားမိန့်ကြားတော်မူ သည်။
ယင်းနောက် ကျိုက်ထီးဆောင်းဒုတိယဒီပဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ကမ္ဘာ့ငြိမ်ချမ်းရေးဂုဏ်ထူးဆောင်ပါရဂူ ဒေါက်တာဘဒ္ဒန္တ နာဂဒီပ အရှင်သူမြတ်က ကျိုက်ထီးဆောင်း ဆံတော်ရှင်သုဝဏ္ဏဘူမိ ဂဝံယဉ်ကျေးမှုပြတိုက် တည်ဆောက်ရခြင်းအကြောင်းအရင်းနှင့် စပ်လျဉ်း၍ မိန့်ကြားတော်မူပြီး နိုင်ငံတော်သံဃာ့မဟာနာယက လှည်းကူးဆရာတော် အရှင်သူမြတ်မှ သုဝဏ္ဏဘူမိ ဂဝံယဉ်ကျေးမှုပြတိုက် တည်ဆောက်ဖွင့်လှစ်ခြင်း၏ အကျိုး ကျေးဇူးများကို မိန့်ကြားတော်မူသည်။
ဆက်လက်၍ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာတော်အရှင်သူမြတ်က ကျိုက်ထီးဆောင်းဆံတော်ရှင် ဂဝံယဉ်ကျေးမှု ပြတိုက် ဖွင့်လှစ်နိုင်ခြင်းအပေါ် ပီတိဝမ်းမြောက်ကြောင်း မိန့်ကြားတော်မူခဲ့သည်။
ယင်းနောက် ဂဝံယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ဆရာတော်အရှင်သူမြတ်များက ပြတိုက်မုဒ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ အမွှေးနံ့သာရေများပက်ဖျန်းပေးခဲ့သည်။ ထို့နောက်ပြတိုက်အတွင်း သီတင်းသုံးလျက်ရှိသော ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားပြုလုပ်ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ထူးနောင် (ပြန်ဆက်)