တုံတာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း Online စနစ်ဖြင့် စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းများ လွှင့်တင်ဆောင်ရွက်

တုံတာ          စက်တင်ဘာ             ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူ့စာကြည့်တိုက်ဝန် ဆောင်မှုပေးခြင်း လုပ်ငန်းများကို Online မှတစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိရာ စာရေးဆရာမ မေသင်္ကြန်ဟိန်(မြစ်မခ) ၏ “ဘာပဲဖြစ်ဖြစ် အပြုံးနဲ့ရင်ဆိုင်ပါ” အောင်မြင်ရေးစာစု (၂) စာအုပ်မိတ် ဆက်ခြင်းကို ယနေ့ နံနက် ၁၀နာရီခန့်က တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှူး ဒေါ်လှိုင်လှိုင်ငြိမ်းက စာရေးဆရာမ မေသင်္ကြန်ဟိန် (မြစ်မခ)၏ “ဘာပဲဖြစ်ဖြစ် အပြုံးနဲ့ရင်ဆိုင်ပါ” အောင်မြင်ရေးစာစု(၂) စာအုပ်တွင် ပါရှိသော စာစုများနှင့် မိတ်ဆက်ပေးပြီး “စိတ်နဲ့တိုက်ရတဲ့ တိုက်ပွဲ” စာစုပါ အကြောင်းအရာများကို ဖတ်ပြဆွေးနွေးပေးခဲ့သည်။

ပြည်သူ့စာကြည့်တိုက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ရောင်စုံစက္ကူဖြင့် အရုပ် ခေါက်ခြင်း၊ စာအုပ်အသစ်များ မိတ်ဆက်ပေးခြင်း၊ ဗဟုသုတရဖွယ် အတွေးအမြင်စာစုများ ဖတ်ပြဆွေးနွေးခြင်း အစရှိသော ဝန်ဆောင်မှုလုပ်ငန်းများကို တုံတာမြို့ ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်းပြည်သူများအတွက် ရိုက်ကူးလွှင့်တင်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

လှိုင်လှိုင်ငြိမ်း(ပြန်/ဆက်)