မိုးကောင်း စက်တင်ဘာ ၂၄
၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် (၈/၂၀၂၀)လမှ (၉/၂၀၂၀)လအထိ အစိုးရရုံးပိတ်ရက်များတွင် တာဝန်ထမ်းဆောင်ခဲ့ရသော မိုးကောင်းမြို့နယ် အတွင်းရှိ ထွေအုပ်ရပ်/ကျေး စာရေးများအား နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် မြို့နယ်ထွေအုပ် အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းနှင့်အညီ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက နိုင်ငံတော်မှ ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ရပ်/ကျေးစာရေး တစ်ဦးလျှင်(၉၁၂၀၀/-) ကျပ်နှုန်းဖြင့် ရပ်ကျေးစာရေး (၅၀)ဦးအတွက် (၄၅၆၀၀၀၀/-)ကျပ်အား လည်းကောင်း၊ ကချင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ပေးပို့သည့် ရပ်/ကျေးတစ်ခုလျှင် Hand Held Mega Phone (၁)ခု၊ Termel Scanner (၁)ခုနှင့် Mask (၃)ခုစီတို့အား လည်းကောင်း ထောက်ပံ့ ပေးအပ်ခဲ့သည်။
ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများသည် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံရပြီး လုပ်ငန်း လိုအပ်ချက်အရ ရုံးဖွင့်ရက်များတွင်သာမက စနေ၊ တနင်္ဂနွေနေ့ ရုံးပိတ်ရက်များတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက် လျက်ရှိသည့် အတွက် အဆိုပါ ဝန်ထမ်းများအား ထောက်ပံ့ငွေပေးခြင်း ဖြစ်ကြောင်းသိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)