မန္တလေး၊ စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် လမ်းဘေးဈေးသည်များအား နှာခေါင်းစည်း (Mask) များ တပ်ဆင်ရောင်းချခြင်း ရှိ/မရှိနှင့် ဆိုင်စားရောင်းချခြင်း ရှိ/မရှိတို့ကို လိုက်လံစစ်ဆေး ခြင်းအား စက်တင်ဘာ ၂၂ရက် ည၇နာရီက စတင်၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အောင်မြေသာစံမြို့နယ် အခွန်ဌာန ကျူးရှင်းလင်းရေးအဖွဲ့နှင့် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့တို့က ပူးပေါင်း ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့သည် ၁၂ လမ်းမှ ၂၆ လမ်းထိ ၈၆ လမ်းအတိုင်း လမ်းဘေးရှိ ကျူးကျော် ဈေးဆိုင်များ၊ ၆၂ လမ်းမှ ၈၆ လမ်းထိ၊ ၁၂ လမ်းအတိုင်း လမ်းဘေးရှိ ကျူးကျော်ဈေးဆိုင်များ၊ ၁၀ လမ်းမှ ၂၆ လမ်းထိ၊ ၆၂ လမ်းအတိုင်း လမ်းဘေးရှိ ကျူးကျော်ဈေးဆိုင်များ၊ ၆၆ လမ်းမှ အရှေ့မြို့ပတ် သံလမ်းအထိ၊ ၁၉ လမ်းအတိုင်း လမ်းဘေးရှိ ကျူးကျော်ဈေးဆိုင်များအား သွားရောက်ပြီး ဈေးရောင်း ချရာတွင် နှာခေါင်းစည်း (Mask) များ တပ်ဆင်ရောင်းချခြင်း ရှိ/မရှိနှင့် ဆိုင်စားရောင်းချမှု ရှိ/မရှိတို့ကို လိုက်လံစစ်ဆေးကြခြင်း ဖြစ်သည်။
ပူးပေါင်းအဖွဲ့ကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အောင်မြေသာစံမြို့နယ် အုပ်ချုပ် ရေးမှူး ဦးမင်းအောင်ဖြိုးကဦးစီး၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းဘေး၊ မြောင်းဘေးနှင့် ပလက် ဖောင်းပေါ်များတွင် ဈေးရောင်းချနေသောဈေးသည်များကို စစ်ဆေးရာ နှာခေါင်းစည်း (Mask) တပ်ဆင်ရောင်းချခြင်းမရှိသော ဈေးသည် (၁၀) ဦးအား ဒဏ်ရိုက်သည့်အနေဖြင့် နှာခေါင်းစည်း(Mask) တစ်ခုလျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် (၂) ခုကို ဝယ်ယူတပ်ဆင်စေခဲ့ပြီး ဆိုင်စားရောင်းချနေသူများတွေ့ပါကလည်း အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)