မြစ်ကြီးနား ဇန်နဝါရီ ၈
၂၀၂၃ခုနှစ်၊ ဇန်နဝါရီ(၁၀)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့ အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် ဌာနဆိုင်ရာများ၏ ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများကို ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့က ယမန်နေ့ညနေ ၃ နာရီတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဖွင့်လှစ်သွားမည့် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ အသစ် ဆောက်လုပ်ပြီးစီးသည့် ရေကူးပြေးလမ်း(၁၀)လမ်းပါ ငြိမ်းချမ်းသာယာရေကူးကန်နှင့် ရေကူးကန် အဝင်လမ်း ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း ပြည်နယ်အစိုးရအဖွဲ့ ရုံးဝင်း အတွင်း မြက်ခင်းပြင်၌ မနောကွင်းပုံစံငယ် တည်ဆောက်ထားရှိမှုနှင့် စိန်ရတုကချင်ပြည်နယ် နေ့အထိမ်းအမှတ် ခင်းကျင်းပြသသွားမည့် ဌာနဆိုင်ရာပြခန်းများ၊ ဒေသထုတ်ကုန်ပြခန်းများ ပြင်ဆင်ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတဆင့် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဧရာရပ်ကွက်ရှိ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနသို့ရောက်ရှိပြီး ပြည်နယ်မိုးလုံလေလုံအားကစားခန်းမအတွင်း စိန်ရတု ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ကျင်းပပြုလုပ်သွားမည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားလေဆိပ်အတွင်းရှိ (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သွားမည့် လေဆိပ်ဝင်းအတွင်း ပန်းဥယျာဉ်နှင့် စိုက်ပျိုးထားရှိသည့် ပန်းအလှပင်များ၊ အလှပန်အိုးများ ပြင်ဆင်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်