မိုင်းခုတ်မြို့၌ မှုခင်းကျဆင်းရေးနှင့် လူကုန်ကူးမှုအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပ

မိုင်းခုတ် ဇန်နဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ မှုခင်းကျဆင်းရေးနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ဝမ်ကတ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မိုင်းခုတ်မြို့၊ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်တင်မိုးက မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးအကြောင်းအရာများ၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေက ချမှတ်နိုင်သောပြစ်ဒဏ်များနှင့် လူကုန်ကူးခြင်းခံရပါက ဆက်သွယ် တိုင်ကြားနိုင်သော အရေးပေါ်ဖုန်းနံပတ်များက အသိပညာပေးဟောပြောခဲ့ပြီး လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ ဝမ်ကတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းရွက်နှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)