ဝိုင်းမော်မြို့နယ်၌ (၁၆) ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနား ကျင်းပ

ဝိုင်းမော် ဇန်နဝါရီ ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ (၁၆) ကြိမ်မြောက် ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထေရဝါဒဗုဒ္ဓသာသနာပြု ပရဟိတ ချမ်းမြေ့သီလရှင် စာသင်တိုက်၌ ကျင်းပရာ အခမ်းအနားသို့ ဝိုင်း‌မော်မြို့နယ်အတွင်း ကျောင်းတိုက် အသီးသီးမှ ဆရာတော်၊ သံဃာတော် (၁၀) ပါးနှင့် သီလရှင်ဆရာကြီး/ဆရာလေး (၄၆) ပါး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် စေတနာရှင်/အလှူရှင်များ တက်ရောက် ကြသည်။

ရှေးဦးစွာ အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ချိုးဖြင့် စတင်ဖွင့်လှစ် ခဲ့ပြီး ဝိုင်းမော်မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ လွယ်‌ကျော်ဆရာတော် ဦးကေသရစာရမှ ဧည့်ပရိတ်သတ် အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် တာဝန်ရှိသူများနှင့် အလှူရှင်များက ပင့်သံဃာဆရာတော်ကြီးများနှင့် သီလရှင် ဆရာကြီး၊ ဆရာ‌လေးများထံသို့လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မြို့နယ် သံဃာ့ နာယကဥက္ကဋ္ဌဆရာတော်ဘုရားကြီးက ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်ချအနုမော ဓနာတရားချီးမြှင့်တော်မူကာ ချမ်းမြေ့သီလရှင်ကျောင်းတိုက်မှ သီလရှင်မဟာသဒ္ဓမ္မ‌ ဇောတိဓဇ‌ ဒေါ်ပဏ္ဍိတိမဥ္ဇရီနှင့် စာချဆရာတော် (၂) ပါးတို့က ပဌာန်းသိမ်းအောင်ပွဲ အခမ်းအနား ဇေယျမင်္ဂလာ အောင်ဂါထာတော်နှင့် နတ်ဗြဟ္မာများပြန်လည်ပို့ဆောင်သည့် ဂါထာ‌တော်တို့ကို ရွတ်ဆိုဆုတောင်းပြီး "ဗုဒ္ဓသာသနံစိရံတိဌတု" ၃ ကြိမ်ရွတ်ဆိုပြီး အသံမစဲ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ အခမ်းအနားကို ရွှေမိုးငွေမိုး ရွာသွန်းပြီး ရုတ်သိမ်းသည်။

ဆက်လက်၍ ပင့်သံဃာ့ဆရာတော်ကြီးများနှင့် မြို့နယ်အတွင်းရှိ သီလရှင်ဆရာကြီး/ဆရာလေး များထံ လှူဖွယ်ပစ္စည်းများကို တာဝန်ရှိသူများနှင့် အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဖြူစင်(ပြန်/ဆက်)