လားရှိုး ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လွတ်လပ်ရေးပန်းခြံတွင် ဇန်နဝါရီလ(၄)ရက်နေ့ နံနက် ၄နာရီ ၂၀မိနစ် အချိန်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကျင်းပခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဂုဏ်ပြုတပ်ဖွဲ့ကဦးဆောင်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်တင်ခဲ့ကြပြီး တက်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။
ထို့နောက် နံနက်(၇)နာရီအချိန်တွင် သဝဏ်လွှာဖတ်ပွဲကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာအား ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော် ကဖတ်ကြားခဲ့သည်။
ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆောင်းပါး၊ ကဗျာ၊ စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်) ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ အဆိုပါ အခမ်းအနား တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဌာနမှထုတ်ဝေသော (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး