ဥတ္တရသီရိမြိုနယ်တွင် Cash For Work စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု ရာနှုန်းပြည့်ပြီးစီး

ဥတ္တရသီရိ   စက်တင်ဘာ ၂၄

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ကိုဗစ်-၁၉ ကာလအတွင်း ဝင်ငွေနည်း ကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ချက်ချင်းဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံ အဆောက် အအုံများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် Cash For Work စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးမှုအခြေအနေအား ယမန်နေ့က ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့သည်။

ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၈)ရွာတွင် Cash For Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၈၀၀)ဖြင့် ကျောက်စီ မြေထိန်းနံရံ တည်ဆောက်ခြင်း၊ မြေသားရေမြောင်း တူဖော်ခြင်း၊ ရိစာခင်းခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ အုတ်စီရေမြောင်း ပြုလုပ်ခြင်း၊ ရေပိုက်သွယ်တန်းခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း စသည့်လုပ်ငန်းများကို ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက လိုအပ်သော နည်းပညာများ ပံ့ပိုးပေးပြီး ကျေးရွာများမှ ဒေသခံပြည်သူများအား ဝင်ရောက်လုပ်ကိုင်စေ၍ လုပ်အားခပေးချေခြင်း စနစ်ဖြင့် ဇူလိုင်လမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ အားလုံးရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ သိရသည်။

ထို့ပြင် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာ (၁၀) ရွာတွင် ဆောင်ရွက်လျက်ရှိသည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) ဖြင့် ကျေးရွာ (၃)တွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များလည်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)