ပုဗ္ဗသီရိ ဇန်နဝါရီ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဥပ္ပါတသန္တိစေတီတော်တောင်ဘက် တပေါင်းကွင်းအတွင်းရှိ ၂၀၂၃ခုနှစ် (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များ ခင်းကျင်းပြသထားရှိမှုအား ရဟန်းရှင်လူပြည်သူ၊ ကျောင်းသားကျောင်းသူများ လာရောက်လေ့လာလည်ပတ်သောကြောင့် နေ့ညမလပ်စည်ကားလျက်ရှိကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများ၊ ရိုးရာအစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များပြပွဲကို ဇန်နဝါရီ ၄ ရက်မှ ၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပွဲတော်၌ဝန်ကြီးဌာနပြခန်း ၂၅ ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြခန်း၁၅ခန်း၊ တိုင်းရင်းသားရိုးရာအစားအစာပြခန်း၁၅ခန်း စုစုပေါင်းပြခန်း ၅၅ ခန်းနှင့် ဝန်ကြီးဌာနများအလိုက် ကိုယ်စားပြုဂုဏ်ပြုယာဉ် ၂၆ စီး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုဂုဏ်ပြုယာဉ်၁၅စီး၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုယာဉ်တစ်စီး၊ ပြည်ထောင်စုနောက်ပိတ် ဂုဏ်ပြုယာဉ်တစ်စီးနှင့် တပ်မတော်ကိုယ်စားပြုဂုဏ်ပြုယာဉ်ငါးစီး စုစုပေါင်းဂုဏ်ပြုယာဉ် ၄၈စီးတို့ကို ပြသထားရှိပြီး အနုပညာရှင်များ၊ တေးသံရှင်အဆိုတော်များ၊ တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်လျက်ရှိရာ ပြည်သူများအားလုံး အခမဲ့လာရောက်လည်ပတ်လေ့လာနိုင်ပါကြောင်းနှင့် လုံခြုံရေးတင်းကျပ်မှုအရ မြို့ဝင်/ထွက်နေရာများ၊ ပြခန်းဝင်/ထွက်နေရာများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စနစ်တကျစစ်ဆေးရှာဖွေမှုများကို ကြည်ဖြူစွာနားလည်လက်ခံပေးနိုင်ရေး သက်ဆိုင်ရာမှမေတ္တာရပ်ခံထားကြောင်း သတင်းရရှိသည်။
သားငယ် (ပုဗ္ဗသီရိ)