ကျောက်ပန်းတောင်းမြို့နယ် အင်တောကျယ်ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ရန်အတွက် စစ်ကြောင်းကြီး(၅)ကြောင်း ကွင်းဆင်း၍ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ကျောက်ပန်းတောင်း ဇန်နဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် စစ်ကြောင်းကြီး (၅)ကြောင်း ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံခြင်းကို၊ ယမန်နေ့ မွန်းလွဲ(၁:၃၀)နာရီက အင်တောကျယ်ကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ဌာနဆိုင်ရာတာဝန်ရှိ သူများပူးပေါင်း ပါဝင်၍ ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းတည်ငြိမ်ရေး၊ လူမှုရေး၊ စီးပွားရေးနှင့် စိုက်ပျိုး/ မွေးမြူရေးလုပ်ငန်းများ ပိုမိုကောင်းမွန်ရေး အထောက်အကူဖြစ်စေရန် ကွင်းဆင်းလာရောက်ခြင်းဖြစ်ကြောင်းနှင့်မိမိတို့ ကျေးရွာလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြရန် အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးနောင်ထွန်းနီ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမင်းတို့က နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းတည်ငြိမ်ရေး လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားကြသည်။ ယင်းနောက် အဖွဲ့ဝင်အဖြစ် လိုက်ပါလာကြသည့် မြို့နယ်ကော်မရှင်၊ စီမံကိန်း၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်လမ်းဦးစီးဌာန၊ ပညာရေး၊ ကျန်းမာရေး၊ ဆည်မြောင်းနှင့်ရေးအသုံးချရေး၊ မြေယာစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဌာန၊ မြို့နယ်ပြန်/ဆက်၊ မီးသတ်ဦးစီးဌာန အစရှိသည့် ဌာနတာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို ဒေသခံပြည်သူများအား အသိပေးရှင်းလင်းပြောကြား ကြသည်။ယင်းနောက်တက် ရောက်လာသည့် ဒေသခံပြည်သူများ၏ မေးမြန်းတင်ပြမှုများကို သက်ဆိုင်ရာဌာနများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ပြန်လည် ရှင်းလင်းဆွေးနွေးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်း၊ ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက အိမ်ထောင်စုလူဦးရေ အတိုး/အလျော့ လုပ်ငန်းများ ဝန်ဆောင်မှုပေးခဲ့ကြပြီး၊ တွေ့ဆုံပွဲသို့ မြိုနယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ အင်အား(၃၃)ဦး၊ ဒေသခံပြည်သူများ အင်အား(၁၀၅ )ဦး၊ စုစုပေါင်းအင်အား(၁၃၈ )ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)