ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၅)အခြေခံ ပညာအထက် တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေး စုံညီပွဲတော်ကို ယနေ့ နံနက် ၈ နာရီက အဆိုပါ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး(ငြိမ်း) ဆရာကြီးဦးသာဒင်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာထူးချွန်ရေးတို့အတွက် မိမိတို့ပညာရေးဌာန၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ မိဘများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့်အတွက်၊ ယခုလို ထူးချွန်ကျောင်းသားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာကြောင်းဖြစ်ကြောင်း၊ အားလုံး ပူးပေါင်းပါဝင် ဝိုင်းဝန်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တွင် ပညာရည်ချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် ဆုရရှိအောင် သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများကို ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်အကများဖြင့် ကပြ၊ သီဆို ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
အေးမဥ္ဇူ(ပြန်/ဆက်)