ကွတ်ခိုင် စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့အဝင် နေရာများဖြစ်သည့် OHC တိုးဂိတ်နှင့် လွိုက်ဆမ်ဆစ်ဂေါက်ကွင်းအနီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စခန်းတို့၌ ဌာနဆိုင်ရာ များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးပရဟိတ အသင်းအဖွဲ့များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများ၊ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ကွတ်ခိုင်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းပူးပေါင်း၍ အရှိန်အဟုန်မြင့် ပြုလုပ်ဆောင်ရွက်နေကြောင်း ကောင်းသောရှမာရိလူမှုကူညီရေးအသင်းမှ ကိုဆန်းအောင် က ပြောသည်။
“လက်ရှိပြည်တွင်း ကူးစက်မှုတွေ မြင့်မားနေတဲ့ အချိန်မှာ ကွတ်ခိုင်မြို့အတွင်း ကူးစက်ပျံ့နှံ့ မှုတွေမရှိစေဖို့အတွက်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန် ရေး ကော်မတီရဲ့လမ်းညွှန်မှုနဲ့ တခြားလှုမှုရေး ပရဟိတအသင်းက အသင်းအဖွဲ့တွေနဲ့ ပူးပေါင်း ပြီး ကြိုတက်ကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပါတယ်၊ အဓိကကတော့ ကွတ်ခိုင်မြို့ အတွင်း ဝင်/ထွက်သွားလာတဲ့ အနယ်နယ်အရပ်ရပ်က ခရီးသွားပြည်သူတွေကို စာရင်း ကောက်ယူတယ်၊ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သတ်တဲ့ အသိပညာ ဗဟုသုတတွေ အသိပေးတယ်၊ ကျန်းမာရေး အထောက်အကူပြု နှာခေါင်းစည်း မရှိတဲ့သူတွေ ကို အခမဲ့ ဖြန့်ဝေပေးတယ်"ဟု လွိုက်ဆမ်ဆစ်ဂေါက်ကွင်းအနီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးစခန်း၌ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကိုဆန်အောင်ကပြောသည်။
ကွတ်ခိုင်မြို့အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် လူမှုရေးပရဟိတ အသင်းအဖွဲ့များက မြို့အတွင်းဝင်/ထွက် သွားလာသော ပြည်သူများကို နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း၊ အပြင်ထွက်သည့် အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်ရန်၊ မလိုအပ်လျှင် အပြင်မထွက်ကြရန်နှင့် လူစုလူဝေး နေရာများသို့ မသွားရန်အစရှိသည့် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)