ကမာရွတ် ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ကမရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း အမှတ်(၅)၏ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက်၉ နာရီက အဆိုပါ ကျောင်းခန်းမ၊ သပြေခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကမာရွတ်မြို့နယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြင့်သူက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်တာဝန်ခံပညာရေးမှူး ဦးဆန်းထွန်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာထူးချွန်ရေးတို့အတွက် မိမိတို့ ပညာရေးဌာန၊ ဆရာ/ ဆရာမများ၊ ကျောင်းသား မိဘများမှ ပူးပေါင်းဆောင်ရွက်ရေး၊ ယခုကဲ့သို့ ထူးချွန်ကျောင်းသားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး၊ အထက ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းသား၊ ကျောင်း သူများအနေဖြင့် ကျောင်းပညာရေးသာမက အခြားဘက်စုံထူးချွန်ရေးတို့အတွက် မိဘ/ ဆရာ/ ကျောင်းသားတို့မှ ဆက်လက် ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ဆုပေးပွဲအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြတဲ့ ကျောင်းအကျိုးတော်ဆောင်များ၊ အလှူရှင်များအား ကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် ဆုရရှိအောင် သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများကို ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်အကများဖြင့် ကပြ၊ သီဆို ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
စိမ်းလဲ့ (ပြန်/ ဆက်)