မိုင်းကိုင် ဇန်နဝါရီ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မနက်ပိုင်းက မြို့မအား ကစားဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ နယ်မြေခံနည်းဗျူဟာမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများက အားကစားပြိုင်ပွဲအသီးသီး၏ ဗိုလ်လုပွဲများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမဆုရ အမှတ်(၂)ရပ်ကွက်လူငယ်အသင်းအား နယ်မြေခံနည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီးသန်းထွန်းအောင်က တံခွန်စိုက်ဆု၊ တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုတို့ကိုချီးမြှင့်ခဲ့ပြီး၊ အသက်(၁၆)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ပထမဆု ရ အ.ထ.က အဖွဲ့(၁)ကျောင်းအသင်း၊ ဒုတိယဆုရ အ.ထ.က-ခွဲ(မိုင်းကိုင်)ကျောင်းအသင်းနှင့် အား ကစားပြိုင်ပွဲ အသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်း အဖွဲ့များက တံခွန်စိုက်ဆု၊ တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မိုင်းကိုင်မြို့နယ်အတွင်း ပျော်ပွဲရွှင်ပွဲနှင့်အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ ၃ ရက်နေ့မှစ၍ နေ့စဉ်ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ် စုစုပေါင်း ၂၅၀၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)