အာနန္ဒာဘုရားကြီး၏ (၉၃၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆွမ်းသပိတ်လောင်းလှူခြင်းများဖြင့် အစဉ်အလာမပျက် ကျင်းပ

ညောင်ဦး ဇန်နဝါရီ  ၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ ကျန်စစ်သားမင်းကြီးတည်ထား ကိုးကွယ်ခဲ့သည့် အာနန္ဒာဘုရားကြီး၏ (၉၃၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား ညောင်ဦးမြို့နှင့်ပုဂံမြို့မှ ဆရာတော်/သံဃာတော်အရှင်သူမြတ်များအား ဆွမ်းသပိတ်လောင်းလှူခြင်းနှင့် မဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်းများဖြင့် အစဉ်အလာမပျက် ကျင်းပခဲ့ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။

အာနန္ဒာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ရက်သည် ပြာသိုလပြည့်နေ့ဖြစ်ပြီး ပြာသိုလဆန်း ၁၁ ရက်နေ့မှ ပြာသိုလပြည့်ကျော်(၁)ရက်နေ့ထိ အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်သွားမည်ဖြစ် ကြောင်း၊ သံဃာတော် အပါး(၃၀)ဖြင့် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကာ ပြာသိုလပြည့်နေ့ ၊ နံနက် ၇ နာရီအချိန်မှစတင်ပြီး ပင့်သံဃာတော်များအား ဆွမ်းသပိတ်လုံးလောင်းလှူခဲ့ရာ ဆွမ်းသပိတ် လောင်းလှူပွဲသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ် စီမံအဖွဲ့ဝင်များ၊ အာနန္ဒာဘုရား ကြီးဂေါပက ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြန်မာပြည်အရပ်ရပ်မှ ဒယကာ ၊ ဒါယိကာများက ဆရာတော်၊ သံဃာတော်ရှင်သူမြတ်များအား ဆွမ်းသပိတ်လုံးများ လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရပြီး အာနန္ဒာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်သို့ မြန်မာပြည်အရပ်ရပ်မှ လာရောက်သူ သုံးသောင်းခန့်လာ ရောက်ခဲ့ကြောင်း ဂေါပကအဖွဲ့ထံက သိရသည်။

ကိုကြေးမုံ