ဗန်းမော် ဇန်နဝါရီ ၅
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီတို့ပူးပေါင်း၍ (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းမှစတင်၍ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျား၊ မ လွန်ဆွဲပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ထုတ်စည်းထိုးပြိုင်ပွဲ၊ ကြက်တောင်ရိုက်၊ ဖူဆယ်အားကစားပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ စသည့်အားကစားပြိုင်ပွဲများ ကျင်းပခဲ့ပြီး ဗန်းမော်ခရိုင် အဝေရာအားကစားခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီတွင် ကြက်တောင်ရိုက်ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်ယှဉ်ပြိုင်ကစားခြင်း ညနေ ၄ နာရီတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်များ အကျိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ညနေ ၄ နာရီခွဲခန့်တွင် ဆုရရှိသည့်အသင်းများအား ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)