ဆိပ်ကြီးခနောင်တိုမြို့နယ် အထက(ခနောင်တို)ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ

ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်အခြေခံပညာအထက်တန်းကျောင်း(အထက- ခနောင်တို)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဆိပ်ကြီးခနောင်တို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်လှိုင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးပေါ်ဦးက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာထူးချွန်ရေးတို့အတွက် မိမိတို့ပညာရေးဌာန၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများမှ ပူးပေါင်းဆောင်ရွက်ရေး၊ ယခုကဲ့သို့ ထူးချွန်ကျောင်းသားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားပြီး၊ အထကကျောင်းအုပ်ဆရာမကြီးမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းပညာရေးသာမက အခြားဘက်စုံထူးချွန်ရေးတို့အတွက် မိဘ/ဆရာ/ ကျောင်းသားတို့မှ ဆက်လက်ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ဆုပေးပွဲအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြတဲ့ ကျောင်းအကျိုးတော်ဆောင်များ၊ အလှူရှင်များအား ကျေးဇူးတင်ရှိပါကြောင်းစသည်ဖြင့် ပြောကြားသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် ဆုရရှိအောင် သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများကို ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်အကများဖြင့် ကပြ၊ သီဆို ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ဝေယံ (IPRD)