ပုဗ္ဗသီရိ ဇန်နဝါရီ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်တို့က အရှင်ဓမ္မိက ( ဂဏ္ဍဝါစက) ၏ " ဓမ္မအလင်းတန်း " စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပုဗ္ဗသီရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (BookClub) အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာ ဦးစိန်ဝင်း (စိန်ဝင်းနွယ်)၊ စာရေးဆရာ ဦးခင်မောင်ကျော် (ရဲမွန်ကျော်)၊ စာရေးဆရာ ဦးဘိုသန်း (ဘုန်းရဲနိုင်-ဂန့်ဂေါ)၊ စာရေးဆရာမ ဒေါ်ချယ်ရီအောင်သန်း(ချယ်ချယ် -YU) တို့က အရှင်ဓမ္မိက(ဂဏ္ဍဝါစက) ၏ " ဓမ္မအလင်းတန်း (၂) စာအုပ်ပါ "အလှူဒါနပြုကြရအောင်၊ လှူတတ်ကအပူမဟပ်ပါ၊ စိတ်လှလို့ရုပ်လှပါသည်၊ ဂုဏ်ယူထိုက်သောသူ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့်စာပေဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြည်သူ့စာကြည့်တိုက်မှ ပြသထားသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သားငယ်(ပုဗ္ဗသီရိ)