မိုင်းဆတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

မိုင်းဆတ် ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီက အမျိုးသမီး အိမ်တွင်းမှုသင်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်လတ်က လျှပ်စစ်မီးအသုံးပြုသည့် အိမ်ရှင်များ အနေဖြင့် ဆွေးမြေ့ပေါက်ပြဲနေသည့် မီးကြိုးများအသုံးမပြုကြရန်၊ နေအိမ်ပြင်ပသို့ထွက်ပါက လျှပ်စစ်မီးမိန်းများချထားခဲ့ရန်၊ ရေစိုသောလက်၊ အဝတ်စတို့ဖြင့်ကိုင်၍ မီးပလပ်ထိုးခြင်း၊ ဖြုတ် ခြင်းများ မပြုလုပ်ကြရန်နှင့် မီးလောင်မှုမဖြစ်ပွားအောင် အစဉ်သိပြုကြရန် အသိပညာပေး ပြောကြားသည်။

မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်လတ် ဦးဆောင်၍ သံန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၇)ဦးတို့က အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းမှတ်စဉ်(၃)မှ သင်တန်းသူ(၅၀)ဦးအား မီးငြှိမ်းသတ်သရုပ်ပြဇာတ်တိုက်လေ့ကျင့်ပြီး မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်ခြင်း၊ ရေစိုအဝတ်ဖြင့် မီးငြှိမ်းသတ်ခြင်းကို လက်တွေ့သရုပ်ပြသင်ကြားပေးခဲ့ကြောင်း သိရသည်။

 

မြင့်မောင်(ပြန်/ဆက်)