မိုင်းလုံ ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၁-၂၀၂၂ခုနှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပနိုင်ရေး အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်ခန့်တွင် ဆောင်ရွက်ခဲ့သည်။
အစည်းဝေးတွင် ကျောင်းအုပ်ဆရာမကြီးက ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ(၁၀)ရက်နေ့တွင် ဆောင်ရွက်မည့်အကြောင်းနှင့် ကျောင်းတွင် အစည်းအဝေးခန်းမ မရှိသဖြင့် ပညာရေးစုံညီပွဲတော်ကို ကျောင်းခန်းမအတွင်းဆောင်ရွက်ပါက နေရာထိုင်ခင်းကျဉ်းသောကြောင့် ဆောင်ရွက်ရန်အဆင်မပြေသဖြင့် ကျောင်းကွင်းပြင်တွင်မဏ္ဍပ်ပြုလုပ်၍ ဆောင်ရွက်မည့်အကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး အစည်းအဝေးသို့တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းကော်မတီများက မဏ္ဍပ်ပြုလုပ်ရန် လိုအပ်သော လူအားနှင့်ပစ္စည်းများကို ကူညီပေးမည်ဖြစ်ပြီး မဏ္ဍပ်ကို ဇန်နဝါရီလ(၈)ရက်နေ့တွင် ဆောက်လုပ်ရန်နှင့်ဆောက်လုပ်မည့်နေရာကိုသွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)