ဘီးလင်း ဇန်နဝါရီ ၆
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘုရင့်နောင်ကွက်သစ်ရှိ ပုညသုခိတာရုံ စာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဒေါက်တာဘဒ္ဒန္တ ပညာသာမိ၏ ဦးဆောင်မှုဖြင့် ကျောင်းတိုက်အတွင်း တည်ထားပူဇော်ထားရှိသည့် မဟာသန္တိသုခ ငြိမ်းချမ်းရေးမြို့ဦး စေတီတော်မြတ်အား ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ရွှေထီးတော်မြတ်တင်လှူခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း အစီအစဉ်ကို နံနက် ၅ နာရီ အချိန်တွင် စေတီတော်ပရဝဏ်အတွင်း ကျင်းပပြုလုပ်ပြီး နံနက် ၉နာရီ ၉မိနစ် အချိန်၌ ဆရာတော်၊သံဃာတော်များနှင့် တပည့်ဒါယိကာ၊ ဒါယိကာမများ အလှူရှင်များက ရွှေထီးတော်ဘုံအဆင့်ဆင့်အား မင်္ဂလာရထားပျံဖြင့်စေတီ အထွဋ်အထိပ်သို့ တင်လှူပူဇော်ခဲ့ကြသည်။
ဆက်လက်၍ မဂ်လာရွှေမိုး၊ ငွေမိုးများ ရွာသွန်းပေးခြင်းနှင့် ပင့်သံဃာတော် အပါး ( ၁၈၀) တို့အားဆွမ်းဆန်တော်နှင့် လှူဒါန်းဖွယ်ရာ ပစ္စည်းများလောင်းလှူ ပူဇော်ခြင်းတို့ကိုကျင်းပ ပြုလုပ်ခဲ့သည်။
ထို့နောက် ထီးတော်တင်ပွဲသို့ ရပ်ဝေးရပ်နီးမှ ရောက်ရှိလာကြသော ပြည်သူများအား စေတနာရှင်၊ အလှူရှင်များက ဒံပေါက်ထမင်း၊ မုန်ဟင်းခါး၊ အကြော်စုံ၊ ဆန်ခေါက်ဆွဲရေခဲမုန့်၊ ဖာလှုဒါ၊ ကြာဇံချက်၊ ထမင်းအဟာရ စတုဒိသာများကို ဧည့်ခံကျွေးမွေးခြင်းနှင့် မင်္ဂလာဆိုင်းဝိုင်းဖြင့် ဧည့်ခံဖျော်ဖြေခြင်း အစီအစဉ်များ ပါဝင်ခဲ့ကြောင်း သိရသည်။
ထူးနောင် (ပြန်/ ဆက်)