ညောင်ဦးမြို့နယ်၌ ဆောင်းနှမ်းများ နုတ်သိမ်းပြီး ရောင်းချချိန် တစ်တင်း ၇၅၀၀၀ ကျပ် ရောင်းချ

ညောင်ဦး  ဒီဇင်ဘာ  ၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်တောင်သူများ မိုးနှောင်းနှမ်း ခေါ်ဆောင်းဦးနှမ်းများ စိုက်ပျိုအောင်မြင်ဖြစ်ထွန်းခဲ့ကာ နုတ်သိမ်းပြီးရောင်းချချိန် ဆောင်းနှမ်းတစ်တင်း ၇၅၀၀၀ ကျပ် ရောင်းချရခြင်းကြောင့် ညောင်ဦးမြို့နယ် ဆောင်းနှမ်းစိုက်ပျိုးတောင်သူများ တွက်ခြေကိုက်သည့် နှစ်တစ်နှစ်ဖြစ်လာကြောင်းက တောကျေးရွာဆောင်းနှမ်း စိုက်ပျိုးတောင်သူ ဦးမောင်ဝင်းထံက သိရသည်။

နှစ်တိုင်း စက်တင်ဘာလအတွင်း မိုးရွာသွန်းပါက မိုးနှောင်းနှမ်းကြဲပက် စိုက်ပျိုးထားကာ အောက်တိုဘာလလောက်တွင် အပင်များ ဖြစ်ထွန်းအောင်မြင်နေကြောင်း နှမ်း စိုက်ပျိုးတောင်သူများက ရှင်းပြသည်။ ဆောင်းရာသီဝင်ရောက်လာလျှင် ဆောင်းတွင်းအအေးဓာတ်ဖြင့် ဆက်လက်ကာ အပင်များ ဖွံ့ဖြိုးနေမည်ဖြစ်ကြောင်း ၊ ဆောင်းဦးနှမ်းသည် အဖူး၊ အပွင့် တင်ကာ အသီးနှင့်စေ့အောင်မြင်ကြောင်း၊ နတ်တော်လလောက်တွင် နုတ်ယူ သိမ်းဆည်း ကြောင်း သိရသည်။

မိုးနှောင်းနှမ်းခေါ်ဆောင်းဦးနှမ်းခေါ်သော်လည်း မိုးဦးကျတွင် စိုက်ပျိုးကြဲပက်သည့် နှမ်းကြီးပင်ဖြစ်ကာ အောက်ညဉ့်ကျေးရွာ၊ အနောက်ပုလင်းကျေးရွာ၊ အရှေ့ပုလင်းကျေးရွာ၊ သူကောင်းတည်ကျေးရွာ၊ သစ်ထောင့်တောင်ကျေးရွာ၊ လက်ပံခြေပေါ်ကျေးရွာ၊ ကတောကျေးရွာနှင့် ဖျောက်ဆိပ်ပင်ကျေးရွာ၊ အရှေ့ဖွားစောကျေးရွာ၊ အနောက်ဖွားစောကျေးရွာ၊ မင်းနန်သူကျေးရွာ၊ တူရွင်းတိုင်ကျေးရွာနှင့် သဖန်းကုန်းကျေးရွာများသည် မိုးနှောင်းနှမ်းခေါ်ဆောင်းဦးနှမ်း စိုက်ပျိုးကြသည့် ကျေးရွာများဖြစ်ကာ နှမ်းများ အောင်မြင်ဖြစ်ထွန်းခဲ့ပြီး နှမ်းများ နုတ်သိမ်းရောင်းချချိန် နှမ်းဖြူရော၊ နှမ်းနက်ပါတစ်တင်း ၇၅၀၀၀ ကျပ်ရောင်းချရကြောင်း၊ ဆောင်းနှမ်းကြဲပက်စိုက်ပျိုးခြင်းသည် ကရိကထမများပဲပေါင်း မြက်နုတ်ရချိန်မရှိကြောင်း၊ ယခုနှစ် ဆောင်းနှမ်းစိုက်ပျိုးတောင်သူများ နှမ်းဈေးကောင်းသည့် နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ