မိတ္ထီလာ ဇန်နဝါရီ ၆
မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက်တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်း ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က အဆိုပါရပ်ကွက် ရွှေပြည်သာဘောလုံးကွင်း၌ ကျင်းပကြောင်း သိရသည်။
နှစ်စဉ်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်းဖိတ်ခေါ်ဖလားပြိုင်ပွဲတွေ ကျင်းပပြုလုပ်လာတာ ဒီနှစ်ရောဆို ငါးနှစ်မြောက် ငါးကြိမ်မြောက်ရှိပါပြီ။ ဒီနှစ်ကတော့ ၇၅ နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အဖြစ် ထူးထူးခြားခြား တိုက်ဆိုင်တဲ့နှစ်ဖြစ်သလို ကျင်းပတဲ့ ဘောလုံးပွဲက ပြိုင်ပွဲဝင်အသင်းတွေလည်း ယခင်ထက်များပြီး လာရောက်ကြည့်ရှုအားပေးကြတဲ့ ပရိတ်သတ်ကလည်း ကွင်းလုံးပြည့် စည်ကားသိုက်မြိုက်ခဲ့ပါတယ်။ ဒီနေ့ ဗိုလ်လုပွဲနဲ့ ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်တာဖြစ်ပြီး တော်ဝင်အသင်းကို နေခြည်အသင်းက ၂ ဂိုး ၅ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲသွားပါတယ်ဟု အဆိုပါ ဘောလုံးပြိုင်ပွဲကျင်းပရေးကော်မတီမှ ဦးစောက ပြောသည်။ အဆိုပါပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ ရပ်ကွက် နှင့် ကျေးရွာများမှ ဘောလုံးအသင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါဘောလုံးပြိုင်ပွဲတွင် ဆုရရှိကြသောအသင်းများအား ပထမဆု ၅ သိန်းကျပ် ၊ ဒုတိယဆု သုံးသိန်းကျပ် ၊ တတိယဆု တစ်သိန်းကျပ်နှင့် ဆုကလပ်နှင့်ဆုတံဆိပ်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ ၊ တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြေင်း သိရသည်။
ချမ်းသာ