ပျော်ဘွယ်မြို့နယ် ဝဲလောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲအဆင့်မှ အခြေခံပညာ အထက်တန်းကျောင်းအဆင့် တိုးမြှင့်ပွဲ ကျင်းပ

ပျော်ဘွယ် ဇန်နဝါရီ ၆

ပျော်ဘွယ်မြို့နယ်၊ ဝဲလောင်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲအဆင့်မှ အခြေခံပညာအထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက အဆိုပါ ကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အဆင့်တိုးမြှင့်ခြင်း ဆိုင်းဘုတ်အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်၊ မြို့နယ်ပညာရေးမှူး ဦးလှထွန်း၊ ကျောင်းအုပ်ဆရာကြီး ဦးတင်စိုး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်စိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျောင်းအဆင့်တိုးဆိုင်းဘုတ်အား အမွေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်က ပျော်ဘွယ်မြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းအဆင့်တိုးမြှင့်ခွင့်ကို ယခုကျောင်းတစ်ကျောင်းသာ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မိဘဆရာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ပညာရေးမှူး ဦးလှထွန်းက နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းဆွေးနွေးကာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ကျေးဇူးတင်စကား ပြောကြားသည်။

ဝဲလောင်အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့အချိန်တွင် ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦး ကျော်ခန့် ပညာသင်ကြားလျက်ရှိပြီး အနီးဝန်းကျင်ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများလည်း လာရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)