ချမ်းမြသာစည်မြို့နယ် အမှတ် (၃၄) အထကတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော် ကျင်းပ

ချမ်းမြသာစည် ဇန်နဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက် (၉၀၂)၊ စစ်ကိုင်းလမ်းခွဲနှင့် မြနန္ဒာလမ်းကြားရှိအမှတ်(၃၄) အခြေခံပညာ အထက်တန်းကျောင်းတွင်  ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉:၄၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် GRADE-10 ကျောင်းသား/သူများက စုံညီပွဲတော် သီချင်းဖြင့် သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးရေခဲမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုမြင့်မှ ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများနှင့် ထူးချွန်စွာ အောင်မြင်ခဲ့သူများ၊ တိုင်း/ခရိုင်/  မြို့နယ်အဆင့် ထူးချွန်ဆု ရရှိကြသူများ၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုရရှိကြသူများအား တာ၀န်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ/မများအား ဆုများ‌ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး‌နောက် ကျောင်းသား/သူလေးများက အကများဖြင့် ကပြသီဆို ဖျော်ဖြေခဲ့ကြသည်။

ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ ဒုတိယမြို့နယ် ပညာရေးမှူးဦးရေခဲ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုမြင့်နှင့် ဆရာ/ဆရာများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ၊ စုစုပေါင်း၁၂၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်စိမ်း၀င်း (ပြန်/ဆက်)