လယ်ဝေး ဇန်နဝါရီ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ် သာစည်ကျေးရွာတွင် ဇန်နဝါရီ(၂)ရက်နေ့ကဖြစ်ပွားခဲ့သည့် မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီက လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားပြီး ဆက်လက်၍ နေပြည်တော်ကောင်စီနယ်မြေ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးအောင်က မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးအောင်က ထောက်ပံ့ငွေများပေးအပ်ရာ မီးဘေးသင့်ပြည်သူများကိုယ်စား ပြည်သူ(၂)ဦးမှ လက်ခံရယူသည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က ထောက်ပံ့ပစ္စည်းများပေးအပ်ရာ မီးဘေးသင့်ပြည်သူများကိုယ်စား ပြည်သူ(၂)ဦးမှ လက်ခံရယူသည်။
လယ်ဝေးမြို့နယ်၊ ကူသပိတ်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၇)စုရှိရာ လုံးဝပျက်စီးခဲ့သည့် အိမ်ထောင်စု(၅)စုအတွက် ကျပ်(၄၆၀၃၆)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ထောက်ပံ့ပစ္စည်းပုံး(၅)ပုံး၊ ပျက်စီးဆုံးရှုံးသောအိမ်ထောင်စု(၇)စုမှ လူဦးရေ(၃၀)ဦးအတွက် ဆန်ရိက္ခာ တန်ဖိုးငွေ ကျပ်(၆၃၀၀၀)နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ်(၁၁၇၀၀၀၀) စုစုပေါင်း ကျပ်(၁၂၃၃၀၀၀) တို့အား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ထိုက်ထိုက်(ပြန်/ဆက်)