လားရှိုးမြို့၌ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပ

လားရှိုး ဇန်နဝါရီ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ပြည်ထောင်စုအားကစားကွင်းတွင် ယမန်နေ့နံနက်ပိုင်းမှစ၍ (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပရာတွင်  ဂုန်နီအိတ်စွပ်၊ အာလူးကောက်၊ သုံးချောင်းထောက်၊ မီတာ ၁၀၀/ မီတာ ၄၀၀ အပြေးပြိုင်ပွဲများ၊ လွန်ဆွဲပွဲ၊ ချောတိုင်တက် စသည့်အားကစားပြိုင်ပွဲများကို ပြည်ထောင်စုအားကစားကွင်းအတွင်း၌လည်းကောင်း၊ အသက်(၃၅)နှစ်အထက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို လေ့ကျင့်ရေးအားကစားရုံ၌ လည်းကောင်းကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဌ ဦးမျိုးကျော်၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲများအလိုက် ဆုရရှိသူများနှင့် အသက်(၃၅)နှစ်အထက်အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသူများအားဂုဏ်ပြုဆုများ၊ တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုများနှင့် ဒိုင်းဆုများအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး