တပ်ကုန်းမြို့၌  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်  အမျိုးသားဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

တပ်ကုန်း ဇန်နဝါရီ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇန်နဝါရီ ၄ ရက် မွန်းလွဲ ၃နာရီခွဲက မြို့နယ်အားကစားကွင်းတွင် ယှဉ်ပြိုင်ကျင်းပခဲ့သည်။

ဗိုလ်လုပွဲတွင် ဘုရင့်နောင်ရပ်ကွက်(က)အသင်းနှင့် အနော်ရထာရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်သင်းစလုံး(၀)ဂိုး၊ (၀)ဂိုးဖြင့် သရေကျခဲ့ပြီး၊ Panida Goal (ပင်နဒီ) ဆက်လက်၍ကစားခဲ့ရာတွင် အနော်ရထာရပ်ကွက်အသင်းက ဘုရင့်နောင်ရပ်ကွက်(က)အသင်းကို (၄)ဂိုး၊ (၃) ဂိုးဖြင့် အနိုင်ရရှိ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဘောလုံးအားကစားဝါသနာရှင်များ စုစုပေါင်းပရိသတ်(၂၀၀၀)ကျော် တက်ရောက်ကြည့်ရှု အားပေး​ခဲ့ သည်။ အဆိုပါရပ်ကွက်ပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲတွင် မြဝတီရပ်ကွက်အသင်းက တတိယ၊ ဘုရင့်နောင်ရပ်ကွက်(က)အသင်းက ဒုတိယ၊ အနော်ရထာရပ်ကွက်အသင်းက ပထမတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါဘောလုံးပြိုင်ပွဲတွင် အုပ်စု(က)တွင် အောင်ဇေယျရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်(ခ)၊ မြဝတီရပ်ကွက်၊ စုပေါင်းအသင်း၊ အုပ်စု(ခ)တွင် အနော်ရထာရပ်ကွက်၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ ဆရာစံရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်(က)အသင်းတို့ ပါဝင်ယှဉ်ပြိုင်၍ ပတ်လည်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်