မဟာအောင်မြေ ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ မန္တလာသီရိအားကစားကွင်း၌ ယနေ့နံနက်ပိုင်းက ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံတင် အခမ်းအနားအား နံနက်(၄း၂၀)တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုပြီး ကျဆုံးလေပြီးသော ရဲဘော်များအား ဆက်လက်အလေးပြုခဲ့ပြီး နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းအား ဂုဏ်ပြုတပ်များမှ အလေးပြုခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများမှ စာအုပ် အရောင်းပြခန်းများ၊ ဌာနဆိုင်များမှ စတုဒီသာ ကျွေးမွေးဧည့်ခံခြင်းများ၊ ဖျော်ဖြေရေး မဏ္ဍပ်များနှင့် အားကစားနည်း(၁၁)မျိုးပါဝင်သည့် အားကစား ယှဉ်ပြိုင်နေမှုများအား လှည့်လည်ကြည့်ရှုခဲ့သည်။
ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများမှ ပထမဆုရ အသက်(၁၄)နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ မြန်မာ့သိုင်းပြိုင်ပွဲ၊ ရိုးရာခြင်းလုံးပြိုင်ပွဲမှ ဆုရအားကစားသမားများအား ပထမတံခွန်စိုက်ဆုဖလားများ ချီးမြှင့်ပေးအပ်ခဲ့ပြီး အခြားအားကစားနည်းများမှ ဆုရအားကစားသမားများအား ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြိုနယ် အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အားကာသိပ္ပံမှ ကျောင်းသား/သူများ စုစုပေါင်း(၁၅၀၀)ဦးခန့် တက်ရောက်ခဲ့သည်။
အောင်ဇော်မင်း(ပြန်/ဆက်)