ဒလ ဇန်နဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အမျိုးသား(ဖူဆယ်)ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသူများ၊ ရိုးရာအားကစားနည်း (၁၀)မျိုးပြိုင်ပွဲများ၌ ဆုရရှိသူများနှင့်မြို့နယ်ဂုဏ်ဆောင်မြန်မာ့သိုင်းအဖွဲ့အားဆုများချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီက ကမာကသွယ်ရပ်ကွက်၊ ဗိုလ်တေဇအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများနှင့်အားကစားသမားများ ကွင်းအတွင်း စနစ်တကျနေရာယူပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ဒလမြို့နယ်ဂုဏ်ဆောင်သိုင်းအဖွဲ့မှ မြန်မာ့ရိုးရာသိုင်းစွမ်းရည်များ ပြသခဲ့ကြသည်။ ထို့နောက် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သက်တမ်ရိုးရာအားကစားနည်း(၁၀)မျိုးတွင် ထူးချွန်ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခြင်း၊ တိုင်းနှင့်ပြည်နယ် အမျိုးသား၊ အမျိုးသမီး(အလွတ်တန်း) ဖိတ်ခေါ်မြန်မာ့သိုင်းပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်၍ ရွှေတံဆိပ်ဆု(၄)ခုရယူပေးခဲ့သော ဒလမြို့နယ်ဂုဏ်ဆောင်သိုင်းသမား(၆)ဦးနှင့် နည်းပြတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ(အလွတ်တန်း) မြန်မာ့သိုင်းပြိုင်ပွဲတွင် ဒုတိယဆုနှင့်တတိယဆုရရှိခဲ့သည့် မြို့နယ်ဂုဏ်ဆောင်သိုင်းအဖွဲ့အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခြင်း၊ ဒလမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား(ဖူဆယ်)ဘောလုံးပြိုင်ပွဲနှင့် ရိုးရာအားကစားပြိုင်ပွဲများ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည့်မြို့မိ၊ မြို့ဖနှင့်လုပ်ငန်းရှင်များ ကိုယ်စားလုပ်ငန်းရှင်(၃)ဦးတို့အား မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ ဒလမြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား(ဖူဆယ်) ဘောလုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်အသင်းများအား အမှတ်တရဆုတံဆိပ်နှင့်ဂုဏ်ပြုဆုငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၁ ဗိုလ်မှူးမင်းအောင်နှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုနိုင် တို့မှပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲအားကစားသမားများနှင့်အားကစားချစ်မြတ်နိုးသူ ပရိတ်သတ်များ စုစုပေါင်း(၅၀၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
မြင့်ဇော်(ပြန်/ဆက်)