မလှိုင် ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး (ဖလား) အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါနေ့က ဗိုလ်လုပွဲအဖြစ် လေးရွာဘောလုံးအသင်းနှင့် မလှိုင်(၁)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ သတ်မှတ်အချိန်ထိ တစ်ဖက်နှင့် တစ်ဖက် ဂိုးမရရှိသဖြင့် ပင်နယ်တီအဆုံးအဖြတ်ဖြင့် ဆောင်ရွက်ခဲ့ရာ မလှိုင် (၁) အသင်းမှ (၄) ဂိုး (၂) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့သည်။ ထိုနောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ဆုဖလားကိုချီးမြှင့်ပေးခဲ့ပြီး အဖွဲ့ဝင်များက ပထမရရှိသော အားကစားသမား တစ်ဦးချင်းစီအား ရွှေတံဆိပ်လည်ဆွဲများကိုလည်းကောင်း၊ ဒုတိယဆုရရှိသော အသင်းအား ငွေတံဆိပ်လည်ဆွဲများကိုလည်းကောင်း ချီးမြှင့်ပေးခဲ့သည်။
ပထမဆုကို ဆုငွေကျပ် (၅၀၀၀၀၀) ဒုတိယ ဆုကိုငွေကျပ် (၃၀၀၀၀၀)၊ တတိယဆုကို ငွေကျပ် (၂၀၀၀၀၀) ချီးမြှင့်သွားမည်ဖြစ်ပြီး ပွဲစဉ်တလျှောက် အသန့်ရှင်းဆုံး အသင်းဆု၊ အကောင်းဆုံး အားကစားသမားဆုများကို (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ချီးမြှင့် ပေးခဲ့ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)